Friday, July 27, 2007

ယုံကြည်ပေးလိုက်ပါ …….

လူတစ်ယောက် အပေါ် ယုံကြည်ခြင်းဟာ အဲဒီလူ အတွက် မိမိ အနေနဲ့ အကောင်းဆုံးပေးလိုက်တာ ပါတဲ့ ။ ဒီအတွက် ပြောစရာတော့ ရှိတယ် ။ လူတိုင်းကို လိုက်ယုံနေရရင်တော့ ကိုယ်ချည်းဘဲ အလိမ်ခံနေရမှာပေါ့ လို့ပြောလို့တော့ ရတယ်လေ ။ ပြီးတော့ အရာရာတိုင်းကို ယုံလို့ မရဘူးတွေ ၊ ဘယ်သူကိုမှ မယုံနဲ့ ၊ ကိုယ်ကကျူးရင် ကိုယ်ဒူးကိုတောင် ယုံရတာ ဟုတ်ဘူး ဆိုတာတွေ လဲကြားဖူးကြမှာပါ ။ဒါပေမဲ့ လူတစ်ယောက်ရဲ့ အမြင့်ဆုံးတန်ဖိုးက ယုံကြည် စိတ်ချရခြင်းဘဲ ဆိုတာကို အားလုံးက လက်ခံမှာပါ ။

ကျွန်မ ဆိုလိုတာက လူတွေအပေါ် မှာ ကျွန်မတို့ရဲ့ တန်ဖိုးထားမှု အလိုက် ကိစ္စကြီးငယ် အရပေါ့ ကျွန်မတို့က သူ့အတိုင်းတာနဲ့သူတော့ အပြည့်အ၀ ယုံကြည်မှုပေးရမယ်လို့ ထင်ပါတယ် ။ကိုယ်ကိုလည်း ယုံကြည်မှု ရှိမှလည်း သူများအပေါ် သံသယ မများတတ်မှာ ဆိုတာလည်း ဟုတ်ပါတယ် ။ လူတွေ အပေါ် သူ့အတိုင်းအတာနဲ့သူ တန်ဖိုးထားပြီး ယုံကြည်မှု အပြည့် ပေးနိုင်ရပါ့မယ် ။ကိုယ်ကိုကိုယ် လေးစားနိုင်မှ သူများကလည်း လေးစားနိုင်မှာ ဖြစ်သလို ကျွန်မတို့နဲ့ ပတ်သတ်ရသူတွေ အတွက်လဲ အကောင်းဆုံး ဆိုတာကို ပေးတတ်သင့်တယ် ။ အရေးမပါတာတွေကို အရေးလုပ်ပြီး လုပ်သင့်တာတွေအတွက် ကတ်စီးနည်းတတ်ကြရင် ပြန်မရနိုင်တဲ့ အချိန်တွေ အတွက်နောင်တဆိုတာ ရှိလာရမှာ စိုးရိမ်မိတယ် ။


ဘ၀ဆိုတဲ့ လမ်းကလေးမှာ လူတွေဆိုတာလည်း ရေစက်ရှိသလောက် ခဏတာကြုံရတာပါ ။နေရာတိုင်းကို သံသယစိတ်မျိုးနဲ့ ကြည့်တတ်နေရရင် ဘ၀တာတိုတိုလေးမှာ ပျော်ရွှင်စရာ အချိန်တွေ ကုန်ပါလိမ့်မယ် ။ သူငါကို ခင်တာမှ ဟုတ်ရဲ့လား ၊ချစ်တာမှ ဟုတ်ရဲ့လားဆိုတာက လေးတွေက အစပေါ့နော် ။ကိုယ်ပေးတဲ့ အရာကို တန်ဖိုးမထားတာက သူ့အပိုင်းပါ ။ အဓိကကျတာက မိမိအနေနဲ့ ကိုယ်နဲ့ပတ်သတ်ရသူတွေအပေါ် သံသယကင်းတဲ့ ယုံကြည်မှုကို အကောင်းဆုံးလက်ဆောင်ပေးပြီး အဖိုးတန်တဲ့ ကြုံဆုံမှုတွေအတွက် အချိန်တွေကို အကောင်းဆုံးနည်းနဲ့ ဖြတ်သန်းကြဖို့လေ ။ ဒါကြောင့် ယုံကြည်ပေးလိုက်ပါ ။

No comments:

<$BlogPageTitle$> <$BlogMetaData$>