Thursday, June 28, 2007

ဒီအချိန်ဆို …… လွမ်းတယ်

ကျွန်မနေခဲ့တဲ့ ဒေသမှာ ခြံဝင်းရှိတဲ့ အိမ်တိုင်းလိုလို မှာ အမြဲတွေ့နိုင်တာက ကျိုင်းတုံပန်းလို့ခေါ်တဲ့ အ၀ါရောင်ရော ၊ပန်းရောင်ရောပွင့်တဲ့ ပန်းပင်မျိုးရယ် ၊မုံညင်းပင်ရယ် ပြီးတော့ သစ်တောပင်ပါ ။ ……………….. အခုလို မိုးတွေရွာတဲ့ ကျောင်းဖွင့်ချိန် ၀ါတွင်းကာလက သစ်တော်သီးသီးတဲ့ ရာသီဆိုလည်း မမှားပါဘူး ။ ………….ကျွန်မရဲ့ မိုးကုတ်အိမ် ခြံထဲက တောင်းကုန်းလေးပေါ်မှာ သစ်တော်ပင်ကြီး တစ်ပင်ရှိပါတယ် ။ ………….. သူက ကျွန်မထက် အသက်လဲ ပိုကြီးတယ် ။ …………… ဒီလိုအချိန်ဆို သူ့မှာ သစ်တော်သီး သီးဖို့အတွက် အရင်ဆုံး သစ်တော်ပန်းတွေ ဝေအောင်ပွင့်ဖို့ရယ် ၊ သစ်တော်ရွက်နုလေး တွေထွက်ဖို့ အလုပ်တွေရှုပ်နေ ရတာပေါ့ ။ ……………. အဲလို အချိန်မျိုးမှာ မိုးလေးတစ်ချက် ဝှေ့လိုက်ရင် သူကငိုတတ်ပါတယ်လေ ။ ………. သူငိုရင် သစ်တော်ပန်းတွေ ဖွေးနေအောင် ကြွေတာပေါ့ ။ …………….. ကျွန်မ ငယ်ငယ်က ကျောင်းက ပြန်လာပြီဆိုရင် သူဆီအရင် ရောက်အောင်ပြေးတတ်ပါတယ် ။သူကို မိုးနဲ့ လေက ဘယ်လောက်များ အနိုင်ကျင့်ထားသလဲလို့ သိရအောင်ပါ ။ …………….. သူများများ ငိုထားရင် သစ်တော်သီးတွေ နည်းသွားမှာ ကြောက်လို့လေ ။ ……………. သူပျော်တဲ့ နှစ်ဆိုရင် သစ်တော်သီးတွေကို အကြီးကြီးတွေနဲ့ အများကြီးပေးတတ်ပါတယ် ။ ……………. ဒါတင်ဘယ်ကသေးမှာလဲ ။ ……………….. သူ့တစ်ကိုယ်လုံးမှာလည်း သစ်ခွပင်တွေက အမြစ်တွယ်ထားတာမို့ အဆင်အသွေး ရောင်စုံနဲ့ သစ်ခွပန်းတွေလည်း ပွင့်ပေးသေးတယ်လေ ။ ……………. ကျောင်းပိတ်ရက်မှာဆို ကျွန်မက သူရှိတဲ့ တောင်ကုန်းလေးပေါ်ကို မိုးရေတွေကြောင့် မြေတွေချောနေတဲ့ ကြားကနေ ၀ါးလုံးတန်ချူလေး ကိုင်ပြီး ကိုယ်ကိုကိုယ် တောင်တက်သမား ပုံစံအပြည့်နဲ့ သူဆီရောက်အောင် သွားတတ်ပါတယ် ။ ………………… သူရှိလို့ ကျွန်မက သစ်တော်သီးဆိုရင် ကိုင်တိုင်ခူးတဲ့ အလုံးက လွဲရင် ကျန်တာ မစားတတ်ခဲ့ဘူး ။ ……………….. မှတ်မှတ်ရရ …. တစ်နေ့မှာ ကျွန်မ သူ့ဆီရောက်တုန်း အကိုင်းတွေပေါ်က သစ်ခွပန်းတွေ လိုချင်စိတ်ပြင်းလာတာနဲ့ လူကြီးတွေ အလစ်မှာ အပင်ပေါ်ခိုးတတ်ခဲ့ပါတယ် ။ ………………… လမ်းတစ်ဝက်ရောကတော့် အောက်ကိုကြည့်ပြီး တော်တော်ကြောက်မိလိုက်တယ် ။ …………….. နဂိုကတည်းကနေ အမြင့်ကြောက်တတ်သူမို့လို့လေ ။ ………….. ရုတ်တရက်ဆိုတော့ ပန်းကိုဘဲ မဲနေမိတော့ ကြောက်တတ်တာ မေ့နေမိတယ် ။ …………. အဲဒီအချိန်မှာ ပုရွက်ဆိတ် နီနီတွေရော မဲမဲတွေရောက ကျွန်မ ခြေထောက်တွေ လက်တွေပေါ် တပ်ချီလာပါလေရော ။ …………. ကျွန်မမှာ ရုတိတရက်ဆိုတော့ ခြေရော လက်ရော မလွတ်ရဲဘဲ ကမ္ဘာပျက်တော့ မတတ် တစ်ယောက်တည်း အော်ငိုနေခဲ့ပါတယ် ။ …………… ဒါနဲ့ ဘေးအိမ်က အကိုနှစ်ယောက်က ကျွန်မကို ပွေ့ချီပြီး သစ်ပင်ပေါ်က ဆွဲချခဲ့ရတယ်လေ ။ …………. အခုဆိုရင် သစ်တော်ပင်ကြီးနဲ့ ဝေးနေရတာ ၇ နစ်တောင် နီးတော့မယ် ။ ……………. ဒိလိုရာသီကျတော့ ကျွန်မက ကျောင်းတွေနဲ့ မအားဘူးလေ ။ ကျွန်မရဲ့ ကြီးကြီး ကတော့ပြောပါတယ် ။ ………….. သမီးဘော်ဒါလေးက အခုဆို အသက်ကြီးလို့ အရင်လို အသီးတွေ မသီးနိုင်တော့ဘူးတဲ့ ။ သူ့ အသီးလေးတွေကိုတော့ နှစ်တိုင်းပို့ပေးပါတယ် ။ …………… အခုလည်း သူ့အသီးလေးတွေကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေတယ် ။ ………….. သင်္ခါရ ဆိုတာ ဒါပဲနေမှာဘဲ လို့လေ ။ …………. အခု ကျွန်မနေတဲ့ မန္တလေးအိမ်ဝင်းထဲမှာ မန်းကျည်းပင်ကြီးတွေ ၇ ပင်တောင်ရှိတယ် ဆိုပေမယ့် ကျွန်မရဲ့ သစ်တော်ပင်လေးလောက်တော့ မခင်တွယ်မိပါဘူး ။ …………… ဒါကြောင့်မို့ လူဆိုတာ အသစ်ဘယ်လောက်ရှိရှိ အဟောင်းတလည်လည်ဆို သလိုဘဲ ငယ်က ချစ်ရတဲ့ အရာဆို အပင်က အစ ခင်တွယ်တတ်တာဘဲလို့ ။ ………………

Wednesday, June 27, 2007

ဒိုင်ယာရီရဲ့ အလင်းတန်း

ကျွန်မ ၁၀ တန်းအောင်ပြီး မန္တလေးအိမ်မှာ နေရကတည်းက ဒိုင်ယာရီ ရေးတဲ့ အကျင့်ကို စခဲ့တယ် ။ အရင်ကတော့ ရေးရမှာပျင်းခဲ့တယ် ။ …. ကျွန်မ ဆရာတစ်ယောက်က ဒိုင်ယာရီဆိုတာ တစ်ချိန်မှာ မှတ်တမ်းတစ်ခု ဖြစ်လိမ့်မယ်တဲ့ ။ ……. ကိုယ်ကိုကိုယ် ပြန်သုံးသပ်ဖို့ မြင်နိုင်ဖို့ အတွက်လည်း အများကြီး ကူညီမယ်တဲ့ ။ …. ရေးဖို့ မပျင်းရဘူးဆိုလို့ ၂၀၀၀ ခုနှစ် ဒီဇင်ဘာက စပြီး ဒိုင်ယာရီရေးခဲ့တယ် ……. နေ့တိုင်းမရေး ဖြစ်ခဲ့ရင်တောင် တစ်ပတ်တစ်ခါတော့ ရေးဖြစ်တယ်လေ ။ …….. ဒိုင်ယာရီထဲမှာ ကျွန်မက အကြောင်းအရာမျိုးထက် ကြုံရတဲ့ ကိစ္စတစ်ခု အပေါ် မြင်လိုက်တဲ့ အတွေးလေးနဲ့ feeling ကိုရေးတယ် ။ ……………. ပြီးတော့ ကျွန်မ ခံယူတဲ့ သဘောထားရယ် လုပ်လိုက်တဲ့ အလုပ် ၊ လုပ်ကိုလုပ်ရမယ့် (must be)ဆိုတာတွေကို မှတ်တမ်းရေးလိုက်တာပါ ။ ……………….. လွန်ခဲ့တဲ့ ၆ နှစ်လောက်က စခဲ့တာဆိုတော့ အခုချိန်မှာ ဒီမှတ်တမ်းလေးက ကျွန်မအတွက်တော့ တော်တော် အသုံးကျပါတယ် ။ …………………….. ကိုယ်ကိုကိုယ် အများကြီး မြင်နိုင်လို့ပါ ။၁၀ တန်းအောင်ပြီး မန္တလေး အိမ်မှာနေတော့ မိုးကုတ်အိမ်ကို ခွဲလိုက်ရတာ တော်တော် ခံစားမိတယ် ။ ၈ .၇ .၂၀၀၃ ဒိုင်ယာရီမှာ “Life is to meet, to know, to love and then to part. So it is a sad tale for a human being . As for that, my golden aim must be for getting whatever I want. လို့ရေးခဲ့တယ် ။ ……………. ဒါက အသက် ၂၀ အရွယ်က ဒီလို ခံစား ခဲ့တယ် ။ …………… ကိုယ်မဖြစ်ချင်တာတွေကို လက်ခံရတဲ့အခါ စိတ်တိုင်းလဲမကျဘူး ။ …………….. အဲဒီတော့ တစ်ချိန်မှာ ကိုယ်လိုချင်တာတွေ အားလုံးယူနိုင်တဲ့သူဖြစ်ရမယ် ။ ဘ၀မှာ အဲဒါကိုဘဲ အရေးကြီးတယ် ထင်မိတယ် ။ …… အဲဒီတော့ ဘာတွေဖြစ်လဲဆိုရင် အသေးအဖွဲ့လေးက အစ အမြဲတမ်း ကိုယ်စိတ်ဆန္ဒုအတွက် ဘဲဦးစားပေးမိတော့တယ် ။ …………… ကျွန်မက ကိုယ်ကိုကိုယ် ပုံစံခွက်ကြီးထဲမှာ ချထားလိုက်မိတယ် ။ အရမ်းလည်း စိုးရိမ်တတ်သူဆိုတော့ ကျန်တဲ့ အရာတွေကို သတိလည်းမထားမိဘူး ။ ………….. အဲလို balance မရှိတာတွေကြောင့် ကျွန်မတွက် တန်ဖိုးထားရတဲ့ အရာတစ်ခုကို ဆုံးရှုံးခဲ့ရတယ် ။ အဲဒါကို ၂၅.၇.၂၀၀၆ ဒိုင်ယာရီမှာ တော်တော်လေး ခံစားခဲ့ရတယ် ။ ……………. ဒါကြောင့်မို့ အရာရာကို ကိုယ်အမြင် တစ်ဖက်ထဲနဲ့ မနေဖို့ နဲ့ အစွန်းရောက်မတွေးတတ်ဖို့ တော်တော်ကြီး မှတ်လောက်အောင် အတွေ့အကြုံက ပေးခဲ့တယ်လေ ။ ဒိုင်ယာရီကြောင့် တစ်ချိန်တုန်းက အရေးကြီးတယ်ထင်ခဲ့တာတွေ၊ ယုံကြည်ထားတဲ့ ခံယူချက်တွေ ၊ သဘောထားတွေက အတွေ့အကြုံဆိုတာတွေကို ဖြတ်သန်းပြီးတဲ့ အချိန်မှာ ဘယ်ဟာက ဘယ်လိုသဘော ရှိတယ် ၊ ဒီလိုဘဲယူဆလို့ မရဘူးပေါ့ အဲလိုလေးတွေပေါ့နော် တော်တော်များများ ကိုယ်ကိုကိုယ် မြင်လာရတယ် ။ ………………… ကိုယ်ကိုကိုယ် ပြောင်းလဲရမယ့် အနေအထားမျိုးတွေလည်း ဒိုင်ယာရီကြောင့် သေချာသိနိုင်ခဲ့ပါတယ် ။

Thursday, June 21, 2007

သူများပြောတဲ့ အချစ်အကြောင်း

မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက် ကို အထင်ကြီးစွဲလမ်းပြီး တစ်သက်လုံးချစ်သွားတယ်ဆိုတာက အဲဒီယောကျာ်း / မိန်းမကို အတွင်းကျကျ မထိတွေ့ မပေါင်းဖက်လို့ပါတဲ့ ……. အချစ်စာရေးဆရာမ တစ်ယောက်က အဲလိုဆိုပါတယ်တဲ့ … ဥပမာပြောရရင် သူ/သူမ က သေတ္တာ တစ်လုံးလို့ ဆိုပါရင် အဲဒီသေတ္တာကို ဖွင့်ကြည့်ခွင့်မရခဲ့လို့ပါ ။ ……….. အဲဒီသေတ္တာထဲမှာ ဘာရှိမှန်း မသိခဲ့လို့ တစ်ဘ၀လုံးသိချင်စိတ်နဲ့ စွဲလမ်းနေတာလေ ။ ……. တကယ်လို့ သေတ္တာကို အကြိမ်ပေါင်းများစွာဖွင့်ပိတ် ကြည့်မိခဲ့ရင်တော့ တစ်ဘ၀လုံး စွဲလန်းမြတ်နိုး နိုင်ပါမလားတဲ့ ။ ………. တကယ် စဉ်းစားစရာဘဲနော် ။ ……… ကျွန်မတို့ဟာ လူဘ၀ကြီးကို ရောက်လာပြီး ဘ၀ခရီးကို လျှောက်လှမ်းကြရတဲ့ အခါ အချစ်ဆိုတဲ့ မြို့လေးကို မဖြစ်မနေ့ ဖြတ်သန်းကြရတယ် ။ ……………………… ငယ်ငယ်တုန်းကတော့ အများကြီးတွေးထားတယ် ။ငါကြီးလာရင် ဘာလုပ်မယ် ။ ……………… ရည်းစားထားရင်လည်း ဘယ်လိုလူမျိုးကို ထားမယ် ။ အရမ်းလည်း အချစ်ခံချင်တယ် ။ …………….. အဲလိုမျိုးတွေ စုံနေလို့ပါဘဲ ။ ၉ တန်း ၁၀ တန်းတုန်းကတော့ စာကလွဲရင် ဘာမှမသိရဘူးပေါ့ ။ ………………. အဲဒီတုန်းကတော့ လူကြီးမြန်မြန် ဖြစ်ချင်တယ် ။ ……….. ရည်ရွယ်ချက်တွေ လည်း အောင်မြင်ချင်ပြီး အရာအားလုံးဟာ ကိုယ်ဖြစ်ချင်သလိုတွေ ဖြစ်လာမယ်လို့ဘဲ ထင်ခဲ့ဘူး တယ် ။ ………………… အခုလို အသက် ၂၄ နှစ်အရွယ်ရောက်လာတော့ ကိုယ်လက်မခံချင်တဲ့ အရာမျိုးတွေလည်း ရှိခဲ့ရပါလားပေါ့ ။ ……………… နောက်တစ်ခုက မိန်းကလေးဆိုတာ ဆယ်ကျော်သက် အရွယ်မှာ ဘောလုံးတစ်လုံးတဲ့ ။ သူ့နောက်ကို လူ၂၂ ယောက်အပြိုင်လိုက်ကြ သတဲ့ ။ အသက်၂၀ ကျော်သွားရင်တော့ လူ ၁၂ ယောက်ဘဲလိုက်တော့တဲ့ ဟော်ကီဘောလုံး ဖြစ်သွားရောတဲ့ ။ …………….. အသက် ၃၀ ကျော်တော့ လူတစ်ယောက် က နာနာရိုက်တဲ့ ဂေါက်သီးတစ်လုံး ဖြစ်သွားပြီတဲ့ ။ အသက် ၄၀ လည်းကျော်တော့ ပင်းပေါင်ဘောလုံးတစ်လုံး ဖြစ်ရပြီတဲ့ ။ …….. လူနစ်ယောက်က သူ့ဘက်ကိုယ်ဘက် မရောက်အောင် အပြင်းအထန် ပုတ်ခတ်ကြရတဲ့ ဘောလုံးလေ ။ ………….. ဒါလည်း ဟုတ်သလိုဘဲနော် ။ ………… ကျွန်မလည်း တွေးရင်းတွေးရင်းနဲ့ ဘာမှန်းကိုမသိတော့ပါဘူး ။ ကဲအခု ဒါကိုဖတ်မိတဲ့ သူငယ်ချင်းတွေကရော ဘယ်လိုမြင်ကြလဲ ။ သိရင်လည်း ပြောပြဦးနော် ။ ။ကျွန်မလည်း မသိတော့လို့ ဆက်မရေးတော့ဘူး ။ဒီလောက်နဲ့ဘဲ ရပ်ထားလိုက်ဦးမယ် ။

Wednesday, June 20, 2007

ကျွန်မအတွက် မိုးရာသီ


ကျွန်မကို ရတနာက မိုးရွာတာနဲ့ ပတ်သတ်ပြီး tag လုပ်တော့ ကျွန်မအတွက် မိုးရာသီအကြောင်းကို ရေးချင်နေတာနဲ့ အတော်ဖြစ်သွားတယ် ။.......... ကျွန်မက pre-school ကနေ ၁၀ တန်းအောင်တဲ့ အထိ မိုးအရမ်းရွာတဲ့ ဒေသမှာ ကြီးပြင်းခဲ့တော့ "မိုး" ဆိုတာ အရင်းနှီးဆုံးနဲ့ အထိအတွေ့အများရဆုံးပါ ။ကျွန်မတို့ဒေသမှာက ကျောင်းသွား ၊ကျူရှင်သွားရတာကလည်း အမြဲလိုလို မိုးတောထဲမှာ မျုားခဲ့တယ် ။ မိုးအရမ်းရွာလို့ ကျောင်းမသွားတော့ဘူးဆိုရင် ကျောင်းမနေရုံရှိတာပေါ့ ။ ငယ်ငယ်က ကျောင်းဖွင့်ချိန်ဆို အရမ်းပျော်ခဲ့တယ် ။ ........... ထီးအသစ်ကလေးနဲ့ ကျောင်းသွားရလို့လေ ။မိုးကုတ်မြို့လယ်က အင်းကြီးရဲ့ ဘေးကိုကျောင်းသွားတိုင်း ဖြတ်လျှောက်ရတော့ မိုးရွာတဲ့ အချိန်ဆို လေတွေတိုက်ပြီး အင်းထဲကို မိုးပေါက်ကျတဲ့ ပုံစံကို သဘောကျလွန်းလို့ ကျွန်မ အမြဲငေးကြည့်ခဲ့တယ် ။ရေတွေဘယ်လောက် မြင့်တက်လာသလဲဆိုတာကို နေတိုင်း မှတ်ရတာလည်း မမောနိုင်ခဲ့ပါဘူး။ .......... ညအိပ်ရာ ၀င်ချိန်လေပြင်းတိုက်ပြီး မိုးသဲသဲမဲမဲရွာရင် ကျွန်မ အကြိုက်ဆုံးပါဘဲ ။ ........... မိုးရဲ့ ဂီတသံကို ငယ်ငယ်ကတည်းက ခံစားတတ်တာလေ ။မိုးကုတ်ဆိုတာ တောင်တွေပတ်ပတ်လည် ကာရံထားတော့ မိုးရာသီဆိုရင် နေပွင့်တာ သိပ်မရှိဘူး ။ တောင်တန်းတွေက အမြဲတမ်း မှိုင်းညို့နေတယ်လေ ။ .......... တခါတရံ ကျောင်းမှာ မိုးသိပ်အေးတဲ့ အချိန်တွေဆို ကျွန်မက မြှုတွေရစ်ဆိုင်းနေတဲ့ တောင်တွေကိုကြည့်ပြီး မန္တလေး အိမ်ကိုလွမ်းပြီး တိတ်တိတ်လေးငိုနေတတ်တယ် ။ အခုဆို မိုးရေထဲမှာအတူပျော်ခဲ့ ကြတဲ့ သူငယ်ချင်းတွေလည်း တစ်ယောက်တစ် နိုင်ငံတွေ တစ်နယ်တွေခြားနေကြပြီ ။မန္တလေးမှာ နေတော့လည်း မိုးရွာပြီဆို ကျွန်မ စိတ်မညစ်မိဘူး ။ ကိုယ်အတွေးနဲ့ ကိုယ်သတိရစရာတွေ နှစ်သက်မိတာတွေများနေလို့လေ ။ သီချင်းဆိုရင်တောင် မိုးပါတဲ့ သီချင်းတွေ ပိုကြိုက်တယ် ။............ " အင်းလေးမှာ ရွာတဲ့မိုး " သီချင်းက ကျွန်မအတွက် ဘယ်တော့မှ မရိုးဘူးလေ ။ မိုးတောထဲမှာ ကြီးခဲ့တယ်ဆိုတော့မိုးရာသီဆိုတာ ကျွန်မအတွက်တော့ အမှတ်ရစရာတွေက လည်းအများကြီး နဲ့ အမြဲတမ်းလည်း ဆန်းသစ်နေတယ် ဆိုတာကို ခံစားမိပါတယ် ။ ။

Wednesday, June 13, 2007

ပန်းပန်လျက်ပဲ


ကျွန်မက ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာကို အလွန်နှစ်သက်တယ် ။ ကျွန်မတို့လျှောက်လမ်းရတဲ့ ဘ၀ခရီးစဉ်တွေကို ဗေဒါရဲ့ခရီးလမ်းနဲ့ ပုံဖော်ထားလို့ တကယ်ကို အနှစ်သာရ ရှိပြီး အမြဲအသက်ဝင်နေလို့ပါ ။ ဗေဒါရဲ့ ခရီးစဉ်မှာ လှပတဲ့ သဘောသဘာဝ နဲ့ ကြုံဆုံလျှင်လည်း ငြိမ်းချမ်းမွေ့လျော်နိုင် သလို ခက်ထန်ကြမ်းတမ်းတဲ့သဘောသဘာဝနဲ့ တွေ့ကြုံခဲ့ပါကလည်း တည်ငြိမ်စွာ ရင်ဆိုင်နိုင်တယ်လေ ။ဗေဒါရဲ့ အသွင်က ယဉ်ပြီး ပန်းပွင့်တွေကလည်း နုညံ့တယ်။ဒါပေမဲ့ ဗေဒါဆိုတာ အရမ်း “မာ” တယ်လေ။ လောကကြီးရဲ့ ကောင်းကျိုး ဆိုးကျိုးတွေအတွက် အပြုံးမပျက် အံခဲပြီး ပန်းပန်လျက်ဆိုတဲ့ ဗေဒါရဲ့ သဘောဟန်ပန်တွေကို ကျွန်မ အမြဲအတုယူချင် သလို နှလုံးသားထဲမှာလည်း စွဲမြဲနေချင်ပါတယ် ။

ညိုပြာပြာ လတာပြင့်ခြေရင်း ။
လှိုင်းတက်ရာ ဗေဒါတက် ၊လှိုင်းသက်ရာ ဗေဒါဆင်း

ဆင်းရလဲ မသက်သာ
အုန်းလက်ကြွေ ရေပေါလော မျောစုန်လို့လာ
အဆင်းနဲ့ အလာ ၊ဗေဒါမအထွေး ။
အုန်းလက်ကြွေ သူ့နဘေး စောင့်ခဲ့ရသေး ။

စောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ ၊မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ ပေါ်လိုက်ပြန်ရ ။

ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက ဘဲထွက်လို့လာ ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ ၊ဗေဒါကတစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ ။


ဇော်ဂျီ(၁၉၆၀)


Saturday, June 9, 2007

ခံစားတတ်သူသည် နာကျင်ရသူ ဖြစ်ရပါသည် ။


ကျွန်မ သူငယ်ချင်းတစ်ယောက်က ပြောတယ် ။ ကိုယ်နဲ့ အရင်းနှီးဆုံး သူတွေကသာ ကိုယ်ကို ထိခိုက်နာကျင်အောင် အလုပ်နိုင်ဆုံးတဲ့ ။ ……… ဒါကြောင့် လူအများစုကို အပေါ်ယံဘဲ ပေါင်းသင့်တယ် ။ရင်ထဲကို မထားရဘူးတဲ့။ ………….. ကြုံလာရတဲ့အခြေအနေတွေ အရဆိုရင် အဲလိုပြောတာလည်း ဟုတ်တော့လည်း ဟုတ်တဲ့ အခါရှိတာဘဲ ။ …..ကျွန်မဆိုရင် ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်က နယ်မှာလည်း ဖြစ်တယ် ပြီးတော့ အရမ်းလည်း ရိုးစင်းနေခဲ့တော့ တခါတလေ သူများနားလည်သလို ကျွန်မ အသိတတ်တာတွေရှိခဲ့တယ် ။ ………. ကျွန်မ တက္ကသိုလ်တတ်တော့ မန္တလေးအိမ်မှာနေရတော့ ကျွန်မအတွက်တော်တော် အထာမကျခဲ့တာဘဲ ။ …………… အသိုင်းအ၀ိုင်းကြီးကြီး မှာကျတော့ လူတွေရဲ့အထာဆိုတာ အမျိုးမျိုးရှိတာပေါ့ ။ ………….. အရာရာကို ကိုယ်စိတ်ထဲ ရှိသလိုနေလို့မရပါဘူး ။ ……….. ပထမနှစ် တက်တုန်းကဆို သူငယ်ချင်းတွေနဲ့ ပေါင်းရတာ အထာမကျတော့ အရမ်းစိတ်ရှုပ်စရာ ကောင်းခဲ့တာဘဲ ။ …….. နှစ်တွေကြာလာတော့ လုပ်ငန်းခွင်ထဲ လည်းရောက် လာရတော့ ပိုပြီးနားလည်လာပါတယ် ။ ကျွန်မတို့က ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေ ၊ အချစ်ရဆုံးဆိုတာတွေကို ရင်ထဲမှာ အပြည့်ထားတတ်တယ် ။ ……….. တချို့တွေကျတော့ ပါးစပ်ကတော့ လျှောက်လျှောက်ပြီး ပြောတတ်တယ် ။ ……….. ရင်ထဲမပါတဲ့ လူတွေလဲရှိပါတယ် ။ …………….တခါတလေ ကျွန်မတို့ရဲ့ အရင်းနှီးဆုံး ဆိုတာတွေက ကျွန်မတို့ အပေါ် တစ်ခုခု ခံစားရအောင် ပြုလုပ်ခဲ့ရင် ကျွန်မကတော့ မပြီးနိုင် မစီးနိုင် ရင်နှင့်အမျှ ခံစားတတ်တယ်။ ……. အရင်တုန်းကဆို ဒေါသ အရမ်းထွက်တတ်တယ် ။ဒီနောက်ပိုင်း ဆရာတော်တွေရေးတဲ့ စာအုပ်တွေ ဖတ်ပြီး ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ် ။ ….. ကျွန်မ က ကျွန်မနဲ့ ပတ်သတ်ရတဲ့ လူတစ်ယောက်ကို အကောင်းဆုံးဘဲ ပေးချင်ပါတယ် ။ ဘာဘဲဖြစ်ဖြစ် စိတ်မဆိုးချင်တော့ပါဘူး ။ ………. အရင်က ကျွန်မပေးတာကို တန်ဖိုးမထားရင် အရမ်းကို စိတ်ဆိုးပါတယ် ။ အခုဆိုရင် ကျွန်မပေးရတာကို ကျွန်မကိုင်တိုင်ဘဲ တန်ဖိုးထားပါတယ် ။………….. လူတစ်ယောက်ကို ပေးပြီးမှ ပြန်ယူစရာလည်း မရှိပါဘူး ။ ဟိုတုန်းကတော့ ငါကတော့ ချစ်ရပြီး ခင်ရပြီး ငါကိုတော့ ဒီလိုဆိုပြီး စိတ်ကကောက်ချင်ပြီလေ ။…….. ပြောရရင်တော့ စိတ်က အရမ်း sensitive ဖြစ်တာပါ ။………အကောင်းဆုံးကတော့ ကိုယ်နဲ့ ပတ်သတ်ရတဲ့ လူတစ်ယောက်ပေါ် ငါဘယ်လို အကောင်းဆုံးစိတ်နဲ့ ဘယ်လိုမျိုးပေးနိုင်တယ်တဲ့ အသိနဲ့ ကိုယ်ကိုကိုယ် ကျေနပ်နိုင် ချင်ပါတယ် ။………. ဒေါသတွေသာ ထွက်ရရင်တော့ သေရုံသာရှိမှာဘဲ ။ ငယ်ငယ်ကဆိုရင် ကျွန်မပေးသလောက် ပြန်ရမှ ကျေနပ်တယ် ။ …………….ဘာကိုမှ ဘယ်တော့မှ အရှုံးမခံချင်ဘူး ။ ……………. တိုက်ပွဲတစ်ခုကို တိုက်ပြီလို့ ဆုံးဖြတ်ပြိးရင် တရားတာ မတရားတာတွေကို စဉ်းစားဖို့ မလိုတော့ဘူး ။ …………….နိုင်ဖို့ဘဲ ခေါင်းထဲရှိရမယ် လို့ ခံယူခဲ့ဘူးပါတယ် ။ ………..တကယ်တော့လေ သူများကို နိုင်ဖို့ဆိုတာထက် ကိုယ်ကိုကိုယ် အောင်နိုင်ဖို့က အရေးပိုကြီးမှန်း သဘောပေါက်ရပါတယ် ။ …….. တခါတလေတော့ မွန်းကျပ်နေတာပါဘဲ ။ဘာဘဲဖြစ်ဖြစ်ပါ ။ ………… ဒဏ်ရာဆိုတာ ခံစားတတ်ရင် နာကျင်ရပါတယ် ။ ……………….အခန့်မသင့်လို့ ဒဏ်ရာရခဲ့ရရင်လည်း ကိုယ်အတွက် သူများအပေါ် အကောင်းဆုံးဆိုတဲ့ စိတ်ထားနိုင်ဖို့ လေ့ကျင့်ရတဲ့ ဘ၀သင်ခန်းစာလို့ဘဲ မှတ်ယူပြီး ကိုယ်ပေးနိုင်တာ ပေးတတ်ရမှာဘဲလေ ။ ……………. ဒဏ်ရာ အပေါ် ဒေါသရှိရင် ပို့ပြီးနာကျင်ရပါတယ် ။ …………… “ Life is struggle “ တဲ့ ။ကျွန်မတို့ဟာ မလွယ်ကူတဲ့ ကိစ္စရပ်တွေအတွက် ဘ၀ဆိုတာရှိနေသေး သရွေ့တော့ ရုန်းကန်ယူကြရဦးမှာပါ ။ ……………..

Wednesday, June 6, 2007

အဓိပါယ်ရှိသော စေတနာ


ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ကိုယ်စုမိတဲ့ ပိုက်ဆံနဲ့ ဘယ်မှာအလှူလုပ်မယ် ၊ ဘာလှူမယ်ဆိုပြီး အလှူအတန်းတွေမှာ ဗုဒဓ ဘာသာပီပီ ရယ်ရောတတ်ကြပါတယ် ။ …… တစ်နေ့က အလှူတစ်ခု ဖိတ်လို့ ကျွန်မသွားခဲ့တယ် ။ … လူကုန်ထံ အသိုင်းအ၀ိုင်းက မို့လို့ ဧည့်သည် အတော်များများးလည်း ဖိတ်ပါတယ် ။ အလှူရှင်တွေကလည်း ရှိုးစမိုး အပြည့်နဲ့ပေါ့ ။ ………… အဲဒီ ဘုန်းကြီးကျောင်းဝင်းရဲ့ အပြင်ဘက်မှာလည်း တောင်းတွေသူတွေလည်း ရောက်နေကြတယ် ။ ……. သူတို့ကလည်း မျှော်တလင့်လင့်နဲ့ပေါ့ ။ ဧည့်သည်တွေလည်း တဖွဲဖွဲရောက်လာကြတယ် ။ မုန့်တွေလည်း အများကြီးကျွေးပါတယ် ။ ………….. ဒါပေမဲ့ VIP နေရာထားတဲ့ စားပွဲက မုန့်ကတော့ တခြားဧည့်သည်စားပွဲတွေထက် စားစရာ ပိုများပါတယ် ။ ကျွန်မလည်း အဲဒီမှာထိုင်နေရင်း အများကြီးတွေးနေမိတယ် ။လှူတယ်ဆိုတာ ဂုဏ်ပကာသန အတွက် ရှေ့တန်းတင်စရာလား ။ ………….. ဘယ်လို အဓိပါယ်မျိုးအတွက်လဲ ပေါ့ ။ စားနိုင်တဲ့ သူတွေကျတော့ ကျွေးချင်ကြတယ် ။တကယ်လိုအပ်နေပါတယ် ဆိုတဲ့ လူတွေအတွက် ကိုတော့ အရေးမလုပ်ကြပါဘူး ။ ……… ပြောရင်တော့ ဘယ်နေရာမှာ သိန်းဘယ်နှစ်ရာဖိုး ဘာတွေကို လှူတယ် ။ ………. အရမ်းကို လှူတန်းတာ ၀ါသနာပါပုံပါဘဲ ။ ဒါပေမဲ့ ကျွန်မကတော့ အရမ်းလှူတန်းပါတယ်ဆိုတဲ့ လူတစ်ယောက်ဆီက လှူတန်းခြင်းရဲ့ အဓိပါယ်ဆိုတာကို အရမ်းမေးချင်နေခဲ့ မိပါတယ် ။ ………… ဖြစ်နိုင်ရင် တတ်နိုင်ရင် ကျွန်မကလည်း ဗုဒဓ ဘာသာ မြန်မာပီပီ အများကြီး လှူတန်းနိုင်ချင်တာပေါ့ ။ ……

ကျွန်မအယူအဆ အရဆိုရင်တော့ အဲလိုကြီးကြီးမားမား လှူမှ အလှူဆိုတာ မဟုတ်ပါဘူး ။ ……… ကျွန်မတို့ တတ်နိုင်တာလေးနဲ့ လိုအပ်နေတဲ့ နေရာမျိုးတွေအတွက် အကြောင်းတိုက်ဆိုင်တိုင်း လှူလို့ရပါတယ် ။ ….. ကျွန်မ အပြင်သွားရင် လမ်းမှာ တောင်းရမ်းနေတဲ့ ဒုက္ခိတတွေ သက်ကြီးရွယ်အိုတွေ မြင်ရင်လည်း ၅၀ ၊ ၁၀၀ ကျပ်လောက်တော့ ပေးလိုက်ပါတယ် ။ ………….. တကယ်တမ်း ဒီပိုက်ဆံလေးက ကျွန်မတို့ အတွက် ဘာမှမဖြစ်လောက်ဘူး ။ မဟုတ်တောင် ကိုယ်သုံးနေတာနဲ့ တွက်ကြည့်လိုက်ရင် အများကြီးလည်း ကွာပါတယ် ။ …………. ပြီးတော့ ဆိုင်တွေက ၁၀ ၊၂၀ ကျပ်ဆိုရင် မအမ်းချင်ကြပါဘူး ။ ချိုချဉ်ပေးပါတယ် ။ အဲလိုဆိုရင် ကျွန်မက တတ်နိုင်သလောက် ပိုက်ဆံအမ်းပေးဖို့ ပြောဖြစ်ပါတယ် ။ …………… တောင်းနေတဲ့ ကလေးတွေနဲ့ကြုံရင် ပေးရအောင်ပါ ။ စဉ်းစားကြည့်ပါ ။ ကျောင်းနေရမဲ့ အရွယ်မှာ ကျောင်းနဲ့ဝေးရတဲ့ ဘ၀တွေကို ဖြတ်သန်းနေရလို့ ကလေးအရွယ်တွေကို ကရုဏာသက်မိလို့ ချစ်ခင်စိတ်နဲ့ ပေးတာပါ ။ ………. ကျွန်မတို့လို ပေးတတ်တဲ့ လူတွေပေါင်းမိရင်တော့ သူတို့အတွက် တစ်ခုခုတော့ စားလို့ရမှာပါ ။ဘာတန်ဖိုးမှတော့ မရှိပါဘူး ။အဲလိုလေးတွေပေါ့ ။ …… တခါတလေ ကျွန်မတို့ အတွက် အရမ်းသေးတဲ့ ကိစ္စလေးဟာ သူများအတွက်တော့ အကြီးမားဆုံးဖြစ်နေတတ်ပါတယ် ။ ……. အလှူကြီးကြီး လုပ်နိုင်မှ လှူတယ်လို့ မခံယူစေချင်ပါဘူး ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကိုယ်တတ်နိုင်သလောက် စေတနာဆိုတဲ့ စိတ်လေးနဲ့ ကိစ္စသေးသေးလေးတွေကို လုပ်လိုက်တာကလည်း ဖြူစင်တဲ့ စိတ်ကြောင့် ကုသိုလ်ရပါတယ် ။ ………. ဘာဘဲ လုပ်လုပ်ပေါ့နော် … အဲဒီအလုပ်ထဲက အဓိပါယ်ဆိုတဲ့ အရာလေးကိုတော့ ရှာဖွေတတ်စေချင်ပါတယ် ။ ………….

( ဒါကတော့ အလှူတစ်ခုသွားရင်း ကျွန်မ ခံစားမိတာလေးတွေကို ရေးလိုက်တာပါ ။)


Monday, June 4, 2007

ကျွန်မနှင့် ခွေးချစ်သူများ


ခွေးပေါက်ကလေးတွေနဲ့ သူတို့ရဲ့ မာမား










ဒါတွေကတော့ ခွေးလတ်လို့ ပြောရမလားမသိဘူး ။








တစ်အိမ်လုံး သူတို့ခြေရာနဲ့ မီးဖိုချောင်ပါ မကျန်လေ။










သူကလည်း ဂျစ်ဂျစ်ကန်ကန်လေးပါဘဲ။












သူတို့ရဲ့ ဖေဖေ Banney




ကျွန်မတို့ သူငယ်ချင်းတွေမှာ ခွေး အရမ်းကြောက်တတ်တဲံ့ သူတွေရှိသလို ခွေးမြင်ရင်ကို ချစ်ချင်တဲ့ သူလဲ ပါပါတယ် ။ ကျွန်မကတော့ ခွေးကြောက်တတ်တယ် လို့တော့ ပြောလို့ရပါတယ် . .... ကျွန်မ သူငယ်ချင်းကြောက်တာလောက်တော့ မစိုးဘူးပေါ့နော် ။ ခွေးမြင်ရင် ဝေးဝေးမှာတော့ နေတတ်တယ် ။ ငယ်ငယ်က ခွေးကိုက်ခံရဘူးတော့ လန့်နေလို့ပါ ။ပြီးတော့ ကျွန်မမှာ ခွေးတွေမွေးတဲ့ ခွေး crazy အကို တစ်ယောက်လည်း ရှိပါသေးတယ် ။ ကျွန်မတို့ ကျောင်းကပြန်လာရင် ကျွန်မတို့ အကိုအိမ်ရှေ့ကို ဖြတ်ရတော့ ခွေးချစ်တဲ့ သူငယ်ချင်းက ခွေးချောင်းတဲ့ အလုပ်လုပ်ရပါတယ် ။တစ်လော က သူငယ်ချင်းက
အယ်ဇေးရှင်း ခွေးပေါက်ကလေးတွေ ကြည့်ချင်လို့ ကျွန်မ အကိုအိမ်သွားကြရင်း သူငယ်ချင်း camera နဲ့ သူတို့ချစ်ကြတဲ့ခွေးတွေကို အပျင်းပြေ မှတ်တမ်းတင်ခဲ့တာပေါ့ ။
<$BlogPageTitle$> <$BlogMetaData$>