Sunday, April 29, 2007

ထိကရုံးပင်

ခရမ်းရောင် ငွေမှုန်လဲ့နှင့်

နွဲ့ပါဘိ သူ့ဟန်သွင်

ဆွတ်ချင်လို့မေး။

ထိစမ်းနှင့်လေ

ပွေလာလျှင် တကယ်မုန်းပါငဲ့

ရုန်းလိုက်မယ်လေး။

ဒီကဗျာကို ဆရာဇော်ဂျီ ရေးခဲ့တာပါ။… ကျွန်မက မဂ္ဂဇင်း တစ်အုပ်မှာဖတ်မိရင်း သဘောကျလို့ဆိုပြီးမှတ်ထားမိတယ်။…. ဒီကဗျာလေးက ထိကရုန်းပင်ရဲ့ အလှနဲ့ သဘာဝကို မိန်းကလေးတစ်ယောက်နဲ့ တင်စားပြီးပြောသွားတာပါ။….. တကယ်ဘဲ အတွေးတွေ အများကြီးပေးပါတယ်။ …… စိမ်းညို့ရောင် ထိကရုန်းပင်လေးတွေက သူ့ရဲ့ ရွက်စိုနုနုတွေကို ထိလိုက်ရင် ဖျက်ခနဲ့ ပွင့်ရွက်လွှာလေးတွေကို ပိတ်ပစ်လိုက်ကြတယ်။…… ကျွန်မတို့ ငယ်ငယ်ကဆိုရင်လေ ထိလိုက်ရင် ရုန်းတတ်တဲ့ ပွင့်ချပ်တွေကို သဘောကျ လို့ဆိုပြီး လိုက်ပြီး တို့ထိကစားကြတယ်။……… ပျော်ချင်လို့ ကစားတာလား၊ မြတ်နိုးလိုစိတ်နဲ့ လားလို့တောင် မခွဲခြားနိုင်သေးမီမှာဘဲ.. သူ့မျက်လွှာလေးတွေ ပိတ်သွားတော့တာဘဲ။… တကယ်ဘဲ အိနြေ္ဒရလိုက်တာနော်။........ပြီးတော့ ထိကရုန်းပင်လေးတွေက အဲလိုကစားတိုင်းလည်း အထိမခံကြဘူးပေါ့နော်။…. သူကိုယ်သူလဲ ဆူးတွေနဲ့ ကာကွယ်ထားသေးတယ်။……. . ထိကရုံးလေးတွေရဲ့ သဘာဝပေးတာဝန်က မိန်းကလေးတွေအတွက်တော့ နှစ်သက်လေးစား ၊
အတုယူဖွယ်ရာဘဲနော်။…………..

သွားသတိ.. လာသတိတဲ့ ..ဒါကရော ဘာသတိလုပ်ရမှာလဲ….


၂၄ ရက်နေ့က ကျွန်မ office ကိုလာရင်းနဲ့ ဈေးချိုနားမှာ (၂၆ဘီလမ်းမပေါ်) ကျွန်မကို စက်ဘီးတစ်စီးက ပြင်းပြင်းထန်ထန် ၀င်တိုက်သွားပါတယ်။ ကျွန်မကဆိုင်ကယ်နဲ့ … ဒီလမ်းကရှုပ်မှန်းသိလို့ ဆိုင်ကယ် ခပ်ဖြေးဖြေးစီးလာတာကို ….. စက်ဘီးတစ်စီးက လမ်းပြောင်းပြန် စီးပြီး ဇွတ်ဖြတ်ကူးရင်းကနေ… သူ့အရှိန်သူ မနိုင်တော့ဘဲ ကျွန်မကို အားရပါးရ ကိုဝင်တိုက်ပစ် တော့တာဘဲ။…. ဆိုင်ကယ်လဲ မသွားအောင် ထိန်းလိုက်တော့ စက်ဘီးက ကျွန်မရဲ့ ညာဘက်ခြမ်းကို ပွတ်တိုက် သွားတော့တာပေါ့။ လက်ဖျံ နဲ့ ခြေထောက်ကတော့ ပွန်းပဲ့ပြီးသွေးတွေစီးလာတယ။်…. စီးထားတဲ့ ဖိနပ်ကလည်းပြတ်သွားတယ်။စည်းမရှိ ကမ်းမရှိဆိုပြီး ဒေါသတွေ ကထွက်လာရော။ .. လမ်းမပေါ်မှာလူကြည့်ကလည်းခံရသေး။… ၀င်တိုက်တဲ့ကိုယ်တော် ၂ ပါးကလည်းပြုံးစိစိနဲ့ဆိုတော့ ….
ပိုပိုပြီး စိတ်တိုလာတော့တာဘဲ။ အဲဒီမနက်ကမှ မေတ္တာဆိုတဲ့စိတ်လေး အမြဲမွေးနိုင်အောင် ကြိုးစားတော့မယ်ဆိုပြီး ဆိုင်ကယ် စီးရင်းတောင် မေတ္တာပို့လာတယ်..(ရှင်ဆန္ဒာဓိက စာအုပ်တွေကြောင့်)....... ရုတ်တရက်တော့ ဒေါသကိုမမြင်လိုက်မိဘူး။ ပြီးမှ စိတ်ကိုပြန်ထိန်းလိုက်တယ်။ ဘာမှတော့ပြောမနေတော့ဘူး။ ကိုယ်ဟာကိုဘဲ ဆိုင်ကယ် ပြန်မောင်းလာလိုက်တယ်။ အော်… ကိုယ်ဟာကိုယ် နေရင်းနဲ့လည်း ဒီလိုလူတွေကြောင့် ဒီလိုမျိုးတွေလည်း ကြုံရတာလဲရှိတာဘဲလို့…..

Friday, April 27, 2007

ပထမဆုံးရည်းစားစာ အပေးခံရခြင်း


ကျွန်မ state ကျောင်းသူဘ၀တုန်းက မိုးကုတ်မှာပေါ့နော်။ ကျွန်မတို့ မိုးကုတ်မှာက ယောက်ျားလေးရော မိန်းကလေးလေးရော တွဲတက်ရတဲ့ကျောင်းဘဲရှိတာလေ။အဲဒီတုန်းက ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတစ်ယောက် ကရုပ်တော်တော် ဆင်ကြတယ်ပြောတယ်။ ကျွန်မတို့က အတန်းတော့တူကြတယ် ၊ တန်းခွဲမတူဘူး။ ကျူရှင်တူလို့ ရင်း နှီးတာ။ အဲဒီတုန်းက သူမကို အတန်းထဲက ကောင်းလေးတစ်ယောက်က ရည်းစားစာလိုက်ပေးလို့ ဆရာမနဲ့ တိုင်ပြောထားတယ်တဲ့ ။ ဆရာမကလည်း ခေါ်ဆူပြီး warning ပေးလိုက်တယ်ဆိုပြီး ပြောသံတော့ကြားတာပေါ့ နော်။ဘယ်ကောင်လေးမှန်းတော့ သေချာသတိမထားလိုက်မိပါဘူး။ ကျွန်မတို့က ကျောင်းသွားရင် ခြေကျင်သွားကြတယ်။ကျောင်းနဲ့လည်း အရမ်းမဝေးလို့လေ။ စက်ဘီးစီးဖို့ကလည်း ဘယ်လိုမှအဆင်မပြေဘူး။ ဘာလို့လည်းဆိုတော့ ကျွန်မနေတဲ့ ရပ် ကွက် က တောင်ကုန်းပေါ်ရောက်နေလို့။ မိုးကုတ်မှာကမြေပြန့်ရယ် လို့သိပ်ရှိတာ မဟုတ်ဘူး။ တောင်ကုန်းလေးတွေ များတယ်။ စက်ဘီးစီးလို့ကတော့ စက်ဘီးကို ပြန်တွန်းရတာက များနေတယ်။ကျွန်မနဲ့ ကျွန်မသူငယ်ချင်းက တခါတလေ ကျောင်းပြန်ရင်အတူတူပြန် ဖြစ်ပါတယ်။ ကြုံတဲ့အခါပေါ.နော်။ တစ်နေ့မှာကျွန်မက ကျောင်းသွားတာနောက်ကျနေတယ်။ ကျောင်းအတူသွားတဲ့ အိမ်ရှေ့အိမ်က သူငယ်ချင်းက ကျောင်းမလိုက်လို့ တစ်ယောက်တည်းလည်း ဖြစ်နေတယ်။ လောလောနဲ့ ကျောင်းကို အတင်းပြေးတော့ တာပေါ့။ ကျောင်းပေါက်မှာ ကောင်လေး တစ်ယောက်က အမဆိုပြီး စာရွက်ခေါက်လေး လာပေးတော့ အတန်းထဲက တစ်ယောက်ယောက်ရဲ့ခွင့်တိုင်စာထင်လို့ အော်.. ဆိုပြီး ယူလိုက်ပြီး ဆရာမ စားပွဲပေါ် တင်ထားလိုက်ရော။ ကျောင်းတက်နေပြီဆိုတော့ ဆရာမလည်း မကြာခင် class ထဲဝင်လာပြီး attended sheet ခေါ်ပြီး ခွင်တိုင်စာတွေကြည့်ပါလေရော။ အဲဒီမှာ ဘယ်ကရည်းစားစာတုန်း ဆြို့ပီး အော်ဖတ်ပြတယ်။ တစ်တန်းလုံးကလည်း တ၀ါးဝါးပေါ့ ။ ကျွန်မ ကလည်းရယ်လို့ ကောင်းနေတာပေါ့။ ကျွန်မမှတ်မိတဲ့ စာတစ်ကြောင်းက "အိမ်မက်ထဲက ကောင်မလေး ကိုရှာနေတာ...တကယ်တော့ မင်း ရှိမှန်းမသိခဲ့ဘူးပေါ့။ မင်းနဲ့ ဆင်ရုံလောက် မိန်းကလေးကိုတောင် လိုက်လိုက်ကြည့်နေမိတယ်"်ဆိုပြီး နောက်ဆုံးမှာ ကျွန်မ နာမည် ကြီးပါလာပါလေရော။ ကျွန်မ အဲဒီနေ့က တော်တော်ကြီး အရှက်ကွဲရတာပေါ့။ ညနေ ကျောင်းပြန်တော့ ကျွန်မနဲ့ဆင်တယ်ဆိုတဲ့ သူငယ်ချင်းနဲ့ပြန်ဖြစ်တယ်။လမ်းမှာ ကောင်လေး တစ်ယောက်က ကျွန်မတို့နားလာပြီး ဇွတ်ကိုအဖြေတောင်းတာတဲ့။ ဘယ်သူကိုပြောလို့ပြောမှန်းမသိနဲ့ ကျွန်မသူငယ်ချင်းက ဒီအကောင်ပေါ့ငါဆရာမနဲ့တိုင်ထားတာဆိုပြီးပြောတော့ ကျွန်မကလည်း မနက်က စာလာပေးတာသူဘဲဆိုပြီး မှတ်မိသွားပြီး ဒေါသတွေထွက်လိုက်ရတာ ပြောမနေပါနဲ့တော့။ အဲဒီတုန်းက ကျွန်မတို့ကလည်း တကယ် ကလေးစိတ်တွေ ဆိုတော့ လက်ကကိုင်ထားတဲ့ ထီးတွေနဲ့ ရိုက်ပြီးပြေး ကြတာပေါ့။ နောက် ရက်တွေက စပြီး ကျွန်မက ကျောင်းသွားရင် လမ်းမှာအရိုက်ခံရမှာစိုးပြီး ဘေးအိမ်က ကလေးတွေရောပါ အများကြီး တွဲပြီးခေါ်သွားတော့တာပါဘဲ။ ကျွန်မအတွက် ပထမဆုံးရည်းစားစာ အပေးခံရတာ က တော်တော်စိတ်ဆိုးဖို့ ကောင်းခဲ့တာပါဘဲရှင်။

Thursday, April 26, 2007

Blog .. Blog တဲ့....

Blog ဆိုတာ "ကိုယ်ပိုင် ကမ္ဘာလေး" ပေါ့နော် ။ကျွန်မရဲ့ တွေးမိတွေးရာ.. ရေးမိရေးရာ ..နဲ့ခံစားချက်တွေ... ရင်ခုန်သံတွေ .. တစ်ယောက်တည်း ပြောချင်တာတွေရော .. သူ့ကိုဘဲ ပြောချင်တာတွေရော ...အားလုံး အားလုံးကို ဒီနေရာလေးမှာ လှစ်ဟလို့ ရတယ်.။အရင်တုန်းကတော့ စာရိုက်ရမှာ ပျင်းတာနဲ့အကြောင်းပြချက်မျိုးစုံနဲ့ Blog လုပ်ရမှာပျင်းတာပေါ့။တကယ်တမ်းတော့ ကျွန်မက နေရာလေးတစ်ခုကနေဝေးသွားရရင် ကျွန်မအတွက် အမှတ်တရလေးတွေကို တန်ဖိုးလဲထားတတ်သလို ပျောက်သွားမလားလို့လဲစိုးရိမ်တတ်သူလေ။ .ဒီလိုနဲ့ကျွန်မကခရီးသွားမှတ်တမ်းလေးတစ်ခုရေးရင်း Blog နားလေးကို ပြန်ရောက်လာပြန်ရော။သူများ ဘလော့တွေဖတ်ရတာတော့ ကျွန်မကအတော်သဘောကျတယ်။ တကယ်ဘဲ ကျွန်မ မသိသေးတာတွေရော သိရသလို တခါတလေမှာ ခံစားမှုရသပေါင်းစုံပေးနိုင်တယ်။မြန်မာ Blogger တွေကိုလည်း လေးစားမိတယ်။ အင်တာနက်နဲ့ ရင်းနှီးတယ်ဆိုတာလည်း အီးမေးလ် နဲ့ chat လောက်သာ အသုံးများခဲ့တာပါ။ Blog ကိုအပေါ်ယံလောက်သာ လိုသုံးလုပ်တာလေ။အခုတော့ ကျွန်မက ကိုယ်ပိုင် ကမ္ဘာလေးကို စုတ်ချက်ပေါင်းစုံနဲ့စိတ်ကူးတည့်ရာ အရောင်ခြယ်ရမလားလို့။နောက်ပိုင်း မှာလည်း post တွေတင်ဖြစ်မှာပါ။ :) Mandalay blogger Feeds Network ထဲကို ထည့်ပေးလိုက်တဲ့ ကိုcms ကိုမျိုးကျော်ထွန်း ကိုလည်း ကျေးဇူးတင်ပါတယ်။
<$BlogPageTitle$> <$BlogMetaData$>